အမ်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

အမ်း မတ် ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာ ဦးစီးဌာနမှ မြို့နယ်ပညာ ရေးမှူး(ကိုယ်စား) အထက(၁)မှ ကျောင်း အုပ်ဆရာကြီး ဦးခင်မောင်ဝင်း က  “စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင် ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမက  လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ “စိတ်ကောင်းရှိဖို့” ပထမဆိုသည့် အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင် ပေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက် နိုင်ကြပါစေကြောင်း”စသည်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း  က “ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ဆက်လက် ဟောပြောခဲ့ရာ “ လူငယ်များသည် နောင်တစ်ချိန်တွင် အနာဂတ် နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်၍ မျိုးဆက်သစ်တို့ တိုးတက်ကြဖို့ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  များများလေ့လာ ဆည်းပူးကြစေ လိုပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများတွင်လည်း ကျောင်းစာများ ခဏနားထားရတုန်း ပြင်ပ ဗဟုသုတ ရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ် စာသင်တန်း၊ ပန်းချီသင်တန်း စသော မိမိအတွက် အကျိုးဖြစ်ထွန်းစေမည့် သင်တန်းတစ်ခုခုကို တက်ရောက်ကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင်မျိုးဆက်သစ် လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးအတွက် တိုင်ရင်းသားတွေရဲ့စာပေ၊  ယဉ် ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကိုလည်း မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ဖို့လိုသကဲ့သို့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေး သွားနိုင်ဖို့လည်း အရေးကြီးပါကြောင်း၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာဖြစ်သလို ယဉ်ကျေးမှု စံနှုန်းမြင့်မားလာလေလေ လူ့တန်ဖိုး ပိုတက်လာလေလေ ဖြစ်ပါကြောင်း၊ လူ့တန်ဖိုးတက်လာခြင်းက လူ့ဘောင်အဖွဲ့ အစည်းကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည် Facebook အသုံးပြုရာတွင် အွန်လိုင်းမှာ ပျံ့နှံ့နေသည့် သတင်းတု၊ သတင်းယောင်များကို အမှန်ထင်မှတ်ပြီး အတွေးမှား၊ အမြင်မှားတွေ ဝင်လာကြမှာကို စိုးရိမ်မိပါကြောင်း၊ စာဖတ်အားကောင်းပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံနေမည်ဆိုပါက သတင်းအမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး သတင်းတုမှန်း ချက်ချင်းသိနိုင်မှာဖြစ်ပါကြောင်း၊ ထိုသို့ အရည်အသွေးကောင်းများ သားတို့၊ သမီးတို့ဆီမှာကိုယ်စီရှိနေကြမည်ဆိုပါက အနာဂတ်နိုင်ငံ တော်ကို စွမ်းဆောင်ရည်ပြည့်ဝတဲ့ မျိုးဆက်သစ် တွေက ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ် တည်နိုင်အောင် ကြိုးစားသွားနိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးကျော်ဝေက “လူငယ်နှင့်အားကစား စိတ်ဓာတ်မြှင့်တင်ရေး”ခေါင်း စဉ်ဖြင့် ဟောပြောရာ လူငယ်များသည် နွေရာသီ အားလပ်ရက်ရှည်ကာလတွင် လူငယ်ရေးရာ ဆွေးနွေးပွဲများ၊ ရပ်ရွာအခြေပြု ပရဟိတလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ အားကစား သင်တန်း/ပြိုင်ပွဲများ၌ တက်ရောက် ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိက အားကစားပစ္စည်းများအား ထောက်ပံပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း