စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အကြို လုပ်ငန်းညှိနှိုင်း ဆွေးနွေး

စစ်ကိုင်း မတ် ၂၃

စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရိုးရာအမွေ ထိမ်းသိန်းမှု အနေဖြင့် သင်္ကြန်မှာ ယိမ်းအကများ၊ ရေပတ်မဏ္ဍပ်များဖြင့် ပြည်သူများ ပျော်ရွှင်မှုရရှိစေရန် ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာများမှ ယိမ်းအကများအနေဖြင့် အဖွဲ့အစည်းဖြင့် သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း စစ်ကိုင်းမြို့ရဲ့ ဗဟိုမဏ္ဍပ်ကြီးမှာ လာရောက်ယှဉ်ပြိုင် ကပြဖျော်ဖြေနိုင်အောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက နှစ်စဉ်ကျင်းပခဲ့သည့် မဟာသင်္ကြန် အတွေ့အကြုံများ၊ တွေ့ရှိရသည့်အခက်အခဲများ၊ ယခုနှစ်မှာလည်း ကျန်းမာရေးအခြေ အနေများနှင့် လုံခြုံရေး အခြေအနေများကို အဓိကထားဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဇော်မြင့်နိုင်