ဘူးသီးတောင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဘူးသီးတောင် မတ်  ၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို  ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ဘူးသီးတောင်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မေယုရတနာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ  ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများတွင်အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသ စာအုပ်စာစောင်များကို အခမဲ့လာရောက် ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ဘူးသီးတောင်မြို့ လူထုအခြေပြု ဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ပါကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဘူးသီးတောင်မြို့နယ် အားကစားမှူး ဒေါ်ဥမ္မာသန်းက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီ အားလပ်ရက်ရှည် ကာလတွင် အားကစား သင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း၊ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဘူးသီးတောင်မြို့အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းကစိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင် ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံ သာမကစိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက် ဘူးသီးတောင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းက  အားကစားပစ္စည်းများ ပေးအပ်ရာ အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအင်အား(၁၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)