ဒေးဒရဲမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု အချိန်မီပြီးစီးရေး ညှိနှိုင်း ဆွေးနွေး

ဒေးဒရဲ မတ်လ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီက မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး ညှိနှိုင်းအစည်းဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးမှုကို သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်အရ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများနှင့် ကွန်ပျူတာများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်လည်း ကွန်ပြူတာကျွမ်းကျင်ဝန်ထမ်းများ တာဝန်ပေး၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်မြတ်သူက လက်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေး ပြီးစီးမှု၊ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု လုပ်ငန်းများ သတ်မှတ်ရက်အတွင်း ပြီးစီးရေး ဝန်ထမ်းအင်အားနှင့် ကွန်ပျူတာ လိုအပ်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သတ်မှတ်ရက်အတွင်း လုပ်ငန်းပြီးစီးရေး ဆောင်ရွက်ရမည့် နည်းလမ်းများအား ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုး‌ကျော်ကျော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ရွှေဒေးသူ