သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

သရက် မတ် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Center ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြထွေးက ဦးစီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်များနှင့် သဘာဝဘေးကြောင့် မိဘပြည်သူတို့ ထိခိုက်နစ်နာမှု ရှိပါက ထောက်ပံ့ပေးမှုများကို ရှင်းလင်းပြောကြားရာ လူနေအိမ်များ ပျက်စီးလျှင် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ခြင်း၊ တိုက်အိမ်တစ်လုံး နှစ်သိန်း၊ ပျဉ်ထောင်အိမ် တစ်လုံးတစ်သိန်း၊ အိမ်၏အစိတ်အပိုင်းသာ ပျက်စီးလျှင် တစ်သောင်းမှ ကိုးသောင်းထိထောက်ပံ့ ခြင်း၊ ဆန်ရိက္ခာထောက်ပံ့ပေးခြင်းနှင့် ပစ္စည်း (၁၆)မျိုးမှ (၂၂)မျိုးအထိ ထောက်ပံ့ပေး လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာထွန်းက မုန်တိုင်းဖြစ်ပေါ် နိုင်သည်ဟုသိရှိပါက ကြိုတင်ပြင်ဆင်ရန်အချက်များအား သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက် များကို လိုက်နာကြရန်၊ မိမိပတ်ဝန်းကျင်တွင် ကျိုးကျနိုင်သော သစ်ကိုင်းများကို ရှင်းလင်းထားရန်၊ အရေးပေါ် ရွှေ့ပြောင်းနိုင်သောနေရာနှင့် မိသားစုများဆုံရပ်ကို ကြိုတင်သတ်မှတ်ရန်၊ အရေးပေါ် အသက်ကယ်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရန်၊ အရေးပေါ်သုံးပစ္စည်းများ စားရေရိက္ခာနှင့် အရေးကြီးစာရွက် စာတမ်းများကို မိမိနှင့်အတူထားရှိရန်နှင့် မုန်တိုင်းကို အဝါ၊ လိမ္မော်၊ အနီ၊ အညို၊ အစိမ်းစသော အရောင်ငါးမျိုး သတ်မှတ်ထားပြီး အနီရောင်သည် (၁၂) နာရီအကြာတွင် မြန်မာ့ကမ်းရိုးတန်းသို့ ဝင်ရောက်မည့်အခြေအနေဖြစ်ပြီး အစိမ်းရောင်သည် ခိုလှုံနေသည့်နေရာမှ မိမိနေအိမ်သို့ပြန်နိုင်သည့် အခြေအနေဖြစ်ကြောင်း အသိပညာပေး ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်