ကျောက်ကြီး မတ်၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၅ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များအား မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များကို လိုက်လံနှိုးဆော်ခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား မုန်တိုင်းငယ်(Deep Depression)၏ ရွေ့လျားမှုနှင့် လက်ရှိအခြေအနေများ၊ အားကောင်းသောမုန်တိုင်း၏ အဝိုင်းအဝန်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက် လျက်ရှိပါသဖြင့် အားကောင်းသော မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ အညိုရောင်အဆင့် သတ်မှတ်ကြောင်း၊ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလာပြီး၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီးသို့ရောက်မည်ဟု ခန့်မှန်းချက်များ၊ မုန်တိုင်းအရှိန်ကြောင့် ယနေ့၊ မွန်းလွဲပိုင်းမှ မတ်လ(၂၃)ရက်နေ့အထိ ရေပြင်/မြေပြင်လေ၏ အခြေအနေများနှင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးနိုင်ပြီး၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် မုန်တိုင်းရုတ်တရက် ကျရောက်ပါက မိမိတို့၏ ကောက်ပဲ သီးနှံများအား ပျက်ဆီး ဆုံးရှုံးမှု မရှိစေရေး၊ လူနေအိမ်များစနစ်တကျ ပြင်ဆင်ရွေ့ပြောင်းထားရှိရန်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရန်၊မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ရည်ရွယ်၍ မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား လိုက်လံအသိပေး နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်