မြင်းခြံ ဩဂုတ် ၃၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင် အသစ် ပြုလုပ်နိုင်ရေး၊ အိမ်ထောင် ဇယားတွင် မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ ပျောက်ဆုံးသူများ၊ အသက် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့် မဆုံး စေရေးတို့အတွက် မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာ (၁၉) အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၃၆၆) ကတ်ကို မြင်းခြံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ ခရိုင် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောလှမောင်တို့က ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)