ကျိုက်မရောမြို့နယ်တွင် မုန်တိုင်းအန္တရာယ် သတိပေးထုတ်ပြန်ချက်များ လိုက်လံနှိုးဆော်

ကျိုက်မရော မတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူး‌ပေါင်း၍ ပြည်သူများအား မုန်တိုင်းအန္တရယ် ကြိုတင်ကာကွယ်ရေး သတိပေးထုတ်ပြန်ချက်များအား ယမန်နေ့ နံနက်ပိုင်းကစ၍ လူစည်ကားရာနေရာများနှင့် အတ္တရံမြစ်ကမ်းနား တစ်လျှောက်တို့၌ အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော် လျက်ရှိသည်။

အဆိုပါသတိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေး နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ် သတိပေး ထုတ်ပြန်ချက်များဖြစ်သည့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၂၂ခု နှစ် မတ်လ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၅:၃၀)နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေများဖြစ်ပေါ်နိုင်ပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်း တိုက်ခတ်နိုင်ကြောင်းတို့ကို ပြည်သူများသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေး နှိုးဆော်ခြင်းများကို အသံချဲ့စက်ဖြင့် လည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)