မြောင်းမြမြို့နယ်တွင် သဘာဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအားစစ်ဆေး

မြောင်းမြ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးကြည့်ရှုရာတွင် မြောင်းမြမြို့နယ် သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များက မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာနရုံးရှိ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအား စစ်ဆေး၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် အစီအမံများအား မှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းက ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အပြင် ပြည်သူများအား ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(ပြန်/ဆက်)