ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအားစစ်ဆေး

ပန်းတနော် မတ် ၂၂

သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မအူပင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား စစ်ဆေးကြည့်ရှု မှာကြားခဲ့သည်။

မအူပင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ ပန်းတနော် မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးပစ္စည်းများ၊ BA Set၊ Chainsaw၊ life jacket များ ဆောင်ရွက်ထားရှိမှုအား စစ်ဆေး၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် အစီအမံများအား ညွှန်းကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးမှ ပြည်သူများ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များမှ ဇတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)