အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

အမ်း မတ် ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ အချိန်က မြို့နယ် ရဲတပ်ဖွဲ့၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ မြို့နယ်စည်ပင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊ လမ်းခွ နေရာများသို့ သွားရောက်ကာ  လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

အသိပေးနှိုးဆော်ရာတွင် ယနေ့မြန်မာစံတော်ချိန်(၇)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင ့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ် (Deep Depression) သည် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျ ချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန်   ပူးပေါင်းအဖွဲဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း