မယ်စဲ့ မတ် ၂၂
အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ် လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းက လူငယ်နှင့်အားလပ်ချိန် အသုံးချမှု ကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြော ရာတွင် မကြာမီ နွေရာသီကျောင်းပိတ်ရက် ရောက်မည် ဖြစ်သဖြင့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ အရည်အချင်း ပြည့်ဝမှုစသည့် ဘက်ပေါင်းစုံမှ အရည်အသွေးမြင့်မာစေရေးအတွက် နွေရာသီသင်တန်းများ တက်ရောက်ခြင်းဖြင့် အားလပ်ရက်ချိန်ကိုအကျိုးရှိစွာ အသုံးချစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍ ခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံ့ ချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ မြင့်မားပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်း စေလိုကြောင်း ဟောပြောသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲကို ကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)