မင်းလှမြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ

အထက်မင်းလှ  မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား  ယမန်နေ့ ညနေ  ၆ နာရီက မြို့ပေါ်ရပ်ကွက် အတွင်း လှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။

ထိုသို့ သတိပေးကြေညာရာတွင် ၂၀၂၂ခုနှစ်၊ မတ်လ(၂၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၃နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ  ကပ္ပလီပင်လယ်ပြင်  မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသောအား ကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနေပြီး၊ အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာ နိုင်သည်ဟု ခန့်မှန်းထားရှိပါသည်။

သို့ဖြစ်ပါ၍ မုန်တိုင်း၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မြစ်ငယ်၊‌ ချောင်းငယ်များနှင့်‌ တောင်ကျချောင်းများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက် များအား မြို့ပေါ်ရပ်ကွက်အတွင်းသို့   လှည့်လည်အသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)