ကြံခင်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား အချိန်နှင့်တပြေးညီ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးနှင့်ဝန်ထမ်းများက အဖွဲ့များခွဲပြီး ယနေ့နံနက် (၁၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ယနေ့မြန်မာစံတော်ချိန် (၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ အားကောင်းသော မုန်တိုင်းငယ် (Deep Depression)၏ ရွေ့လျားမှုနှင့် လက်ရှိအခြေအနေများ၊ အားကောင်းသောမုန်တိုင်း၏ အဝိုင်းအဝန်းသည် မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိမည့်အခြေအနေတွင် အနီရောင်အဆင့် သတ်မှတ်ကြောင်း၊ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ ယနေ့နေ့လည်ပိုင်းတွင် ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းချက်များ၊ မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ မတ်လ(၂၃)ရက်နေ့အထိ ရေပြင်/ မြေပြင်လေ၏ အခြေအနေများနှင့် ဒီရေမြင့်တတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးနိုင်ပြီ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ပြည်သူများအနေဖြင့် ရိက္ခာခြောက်စုဆောင်းခြင်း၊ မုန်တိုင်းရုတ်တရက် ကျရောက်ပါက ရပ်ကွက်/ ကျေးရွာများရှိ ဆိုင်ကလုန်း(shulter)သို့ သွားရောက်နေထိုင်ခြင်း၊ မိမိတို့၏ ကောက်ပဲသီးနှံများအား ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ပြင်ဆင်ရွေ့ပြောင်းထားရှိရန်နှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်နှင့် ဝန်ထမ်းများက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေး ကျရောက်ပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ပြသထားရာ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့ကြကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)