မြေပုံမြို့ရှိရပ်ကွက် အသီးသီးတွင် မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ

မြေပုံ မတ် ၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်ကြေညာကြသည်။

ထို့သို့လှည့်လည် ကြေညာရာတွင် ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း တို့တွင်  ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၅)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် တောင်ဘက် ရေမိုင်(၁၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၂၀၀)မိုင်ခန့်နှင့်  မာယာဘန်ဒါမြို့ (Mayabundar)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည့် အခြေအနေဖြစ်ပါ သဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ တစ်ဖြည်းဖြည်း အားလျော့သွားကာ၊ ယနေ့နေ့လယ်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်း မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၃.၃.၂၀၂၂)ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့အနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ  တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့် အထိ မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းရပါသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မြို့ပေါ် ရပ်ကွက်အတွင်းသို့   လှည့်လည် ကြေညာကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)