ငဖဲမြို့နယ်တွင် နိုင်ငံသားကတ်(မှတ်ပုံတင်) ယူဆောင်သွားလာရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

ငဖဲ မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)များကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပြသစစ်ဆေးခံနိုင်ရေးအတွက် နိုင်ငံသားကတ်(မှတ်ပုံတင်) ယူဆောင်သွားလာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့ဝင်ဂိတ်နှင့် ပျဉ်းဝပူးပေါင်း စစ်ဆေးရေး ဂိတ်တို့တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအသိပေး လက်ကမ်းစာစောင်တွင် အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက် ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)အား ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှစ၍ပြသ စစ်ဆေးခံရမည်ဖြစ်ကြောင်း၊ နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုများကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည် မဟုတ်ကြောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ကြောင်း စသည့် အသိပေးချက်များ ပါဝင်ကြောင်း သိရသည်။

မိဘပြည်သူများသို့ အသိပေးကြေညာချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်း စာစောင်များကို ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက ငဖဲမြို့ဝင်ဂိတ်တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ၊ ပျဉ်းဝပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ခရီးသွားလာနေသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)