ဘိုကလေး မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက် (၁၁)နာရီ၌ ဘိုကလေးမြို့မဈေးကြီး ပတ်ဝန်းကျင်နှင့် ကမ်းနားလမ်းမ တစ်လျှောက် မုန်တိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မုန်တိုင်းကျရောက် လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မုန်တိုင်းဖြစ်ပွားပြီးပါက လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ဝေသည့် မုန်တိုင်းဘေး ပညာပေးစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေအသိပညာပေးခဲ့ကြသည်။
ဘိုကလေးမြို့နယ် အနေဖြင့် မုန်တိုင်းဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာပါက အချိန် နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကယ်ဆယ်ရေးပစ္စည်းအသင့်၊ ယာဉ်အသင့်၊ လူအင်အားအသင့်တို့ဖြင့် အသင့်စု ဖွဲ့ထားကြောင်းလည်း သိရသည်။
မိုးစက်(ဘိုကလေး)