ငါးသိုင်းချောင်းမြို့၌ သဘာဝ‌ဘေးကြိုတင်ကာကွယ်ရေး အစည်းအဝေးဆောင်ရွက်

ငါးသိုင်းချောင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ လတ်တလောဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က လတ်တလော ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းအခြေအနေကို သိရှိနိုင်ရန် ဒေသခံပြည်သူများသို့ အသိပေးကြေညာ ဆောင်ရွက်ထားရှိမှု၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်မီချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီးမြို့ပေါ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)