ပွင့်ဖြူ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာထိုးနှံ ပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲပြီး ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ထိုသို့ ကျေးရွာအရောက် ကွင်းဆင်းပြီး ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးအဖွဲ့(၉)ဖွဲ့ခွဲပြီး ရပ်ကွက်/ကျေးရွာများတွင် အကြောင်း အမျိုးမျိုးကြောင့် သွားလာရန် အခက် အခဲရှိသူများနှင့် သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကျန်းမာရေးစစ်ဆေးပြီး ကာကွယ်ဆေး စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရပြီး ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး ရပ်ကွက်/ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းထိုးနှံပေးရာ ပထမအကြိမ် ၃၂၀၃ ဦးနှင့် ဒုတိယအကြိမ် ၅၅ ဦး တို့ကို ကာကွယ် ဆေးထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီး ရေးအတွက် နေ့စဉ် ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ယခုလကုန်အပြီး ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )