ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေ

 

ပွင့်ဖြူ မတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် မတ် ၁ ရက်နေ့က စတင်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးထားရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများဖြင့်လည်းကောင်း၊ ကျွဲနွား တိရစ္ဆာန်များဖြင့်လည်းကောင်း မိမိတို့၏ လယ်ယာမြေများကို ကြိုတင်ပြုပြင် ဆောင်ရွက်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။   

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် ဧက ၅၀၀၊ စုစုပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ ဒေသခံ တောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိမိတို့၏ လယ်ယာမြေများတွင် နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ အသုံးပြု၍ ထယ်ရေး ညက်အောင် ထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်နေကြသလို လယ်ယာသုံးစက်ကိရိယာမရှိသည့် ဒေသခံတောင်သူများကလည်း မိမိတို့၏ ကျွဲနွားတိရစ္ဆာန်များဖြင့် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများကို ကြိုတင် ပြင်ဆင် ဆောင်ရွက်နေကြကြောင်း သိရသည်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းနဲ့ အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း ဒေသခံတောင်သူတွေ နွေသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် မတ်လ(၁)ရက်နေ့က စပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်း မြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် ဖြန့်ဝေဆောင်ရွက်ပေးထားပါတယ်။ ဒါ့ကြောင့် ဒေသခံ တောင်သူ တွေက နွေနှမ်းနဲ့ အခြားနွေသီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများ ပြုပြင်ခြင်းလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ အချို့တောင်သူ တွေကတော့ နွေနှမ်းစိုက်ပျိုးဖို့အတွက် လယ်ယာမြေများအတွင်း မြေအစိုဓာတ်ရရှိအောင် ဆည်ရေသွင်းခြင်းများ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မြို့နယ်ဟာဆိုရင် မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆည်ရေ သောက်ဧရိယာအများဆုံးဖြစ်ပြီး နှစ်စဉ် ဆန်စပါးနဲ့ နှမ်းကို အများဆုံးစိုက်ပျိုးတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး အဆင်ပြေတဲ့အတွက် ဒေသခံတောင်သူများက စပါးနဲ့ နှမ်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြပြီး အောင်မြင် ဖြစ်ထွန်းမှုလည်း ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောပြသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )