ကြို့ပင်ကောက် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သော ပိုက်ဆံလျော်မျိုးစေ့ထုတ်ဧက ၂၀ စိုက်ပျိုး ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သူများ၏ စိုက်ပျိုးမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သစ်စိမ်းမြေဆွေးရရှိရေးနှင့် ဓါတ်မြေဩဇာ သုံးစွဲမှုလျော့ချနိုင်ရေး၊ စိုက်ပျိုးသီးနှံများ အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး သီးနှံအထွက်နှုန်း တိုးတက်လာစေရေး တို့အတွက် ရည်ရွယ်၍ ပိုက်ဆံလျော်မျိုးစေ့ထုတ်ဧက ၂၀ စိုက်ပျိုးထားရှိကြောင်း၊ တောင်သူများထံ ယခုနှစ် မိုးစပါးရာသီအတွက် ပိုက်ဆံလျော်မျိုးစေ့ ၁ တင်းလျှင် ၄၈၀၀၀ ကျပ်ဖြင့် ၁၅ တင်း ရောင်းချထားပြီးကြောင်း လိုအပ်သောတောင်သူများမှလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် လာရောက်ဝယ်ယူနိုင်ကြောင်း ယခုနှစ် မိုးစပါးရာသီတွင် ပိုက်ဆံလျော်သစ်စိမ်းမြေဩဇာဖြင့် လယ်ဧက ၃၅၈ ဧက စိုက်ပျိုးသွားနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီတွင် ပိုက်ဆံလျော် မျိုးစေ့ထုတ်ဧက ၄၀ စိုက်ပျိုးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ယခင်နှစ်က မိုးစပါးလယ်ဧက ၂၀ တွင် ပိုက်ဆံလျော် သစ်စိမ်းမြေဩဇာ အသုံးပြုခဲ့သောကြောင့် ပုံမှန်စပါး အထွက်နှုန်း တင်း ၈၀ မှ တင်း ၁၀၀ အထိအထွက်နှုန်း တိုးတက်လာခဲ့ကြောင်း ငါးကျီးကျေးရွာ တောင်သူ ဦးဖိုးဖြူထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)