ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေးဒရဲမြိုနယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ဝင်ရောက်နိုင်သည့်အတွက် မုန်တိုင်းဘေးအန္တရာယ်များအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သဘာဝဘေးဖြစ်ပွားလာပါက ကျေးရွာများအရောက် သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများဖြင့် အစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက မုန်တိုင်းငယ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု လုပ်ငန်းများ၊ မုန်တိုင်းဖြစ်ပေါ်လာပါက ဆက်လက်ဆောင်ရွက်မည့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ သတင်းထုတ်ပြန်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)