ကျိုက်လတ်၌ မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့ သင်္ဘောများအား သတိပြု ဆင်ခြင်နိုင်ကြရန် သတိပေး‌ထုတ်ပြန်ချက်များ အသိပေးနှိုးဆော်

ကျိုက်လတ် မတ် ၂၂

အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်း အဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင် ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့၊ သင်္ဘောများအား သတိပြုဆင်ခြင်နိုင်ကြရန် သတိပေးထုတ်ပြန်ချက် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်းတစ်လျှောက်တွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep  Depression) ၏ အရှိန်ကြောင့် ယနေ့ နံနက်မှ (၂၃.၃.၂၀၂၂) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်း၊ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ  တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းကြောင်း၊ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်း ကြောင်း၊ အဆိုပါ အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျ ချောင်းများတွင် လျှပ်တစ်ပြတ်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်