ဒေးဒရဲ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က လူစည်ကားရာနေရာများ၊ ဈေးများနှင့် မြစ်ကမ်းတစ်လျှောက် လိုက်လံနှိုးဆော်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ၊ ကျေးရွာအတွင်းရှိ ခိုင်ခံ့သော အဆောက်အဦများနှင့် Cyclone Shelter များတွင် သွားရောက်ခိုလုံ နေထိုင်ကြစေရေး၊ ကြိုတင်ပြင်ဆင်ထားသင့်သည့် ဆေးပစ္စည်းများ၊ အစားအသောက်များနှင့် အရေးပေါ်သုံးပစ္စည်းများအား ကိုယ်နှင့်မကွာ ထားရှိကြစေရေး အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ပြီး မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)