ရသေ့တောင် မတ် ၂၂
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဦးစားပေးစီမံကိန်းအရ ဘင်္ဂလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို (၄၅၀၀၀) လုံးအား ဖြန့်ဝေထားပြီးဖြစ်ရာ ၄င်းရေဒီယိုအစီအစဉ်များအား ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိတ်သတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ မေယု FM ရေဒီယို ဖမ်းယူနားဆင်မှုဆိုင်ရာ စစ်တမ်းများကောက်ယူရာတွင် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ မေယု FM ရေဒီယိုအစီအစဉ်နှင့် ပတ်သက်သည့် စစ်တမ်းများကောက်ယူခဲ့ပြီး စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
မေယု FM ရေဒီယို အစီအစဉ်ဆိုင်ရာ စစ်တမ်းများ ကောက်ယူရာတွင် ရသေ့တောင်မြို့နယ်အနောက်ပြင် ကျေးရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့မှ လူဦးရေ (၂၀၀) ဦးက စစ်တမ်းမေးခွန်းများအား ဖြည့်သွင်းခဲ့ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)