ဖျာပုံ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ မိုးလေဝသနှင့်ဇဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေးထုတ်ပြန်ချက်များအား ဖျာပုံခရိုင်/ မြို့နယ်သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အားကောင်းသော မုန်တိုင်းငယ်၏ သတိပေးထုတ်ပြန်ချက်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်အတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏ သတိပေးနှိုးဆော်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စမ်းစမ်းအေးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတိပေး ထုတ်ပြန်ချက်များနှင့် လိုက်နာဆောင်ရွက်ရန် အချက်များဖြစ်သော မြစ်ဘေးချောင်းဘေးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဘေးကင်းရာတွင် နေထိုင်ကြရန်၊ ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်၊ အိပ်ယာလိပ်များ ကြိုတင်ပြင်ဆင်ထားရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက စားသုံးနိုင်ရန် ရိက္ခာခြောက်များ စုစည်းထားကြရန်၊ အဝတ်အထည်ပစ္စည်းများနှင့် အရေးကြီးရွေ့ပြောင်းနိုင်သော ပစ္စည်းများအား ကြိုတင်ထုပ်ပိုးထားရန်၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ရေလုပ်သားများ၊ မော်တော်များပေါ်နှင့် မြစ်ကမ်းအနီး နေထိုင်ကြသူများ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး သတိပြုနေထိုင်ကြရန်၊ ရိတ်သိမ်းပြီးစပါးနှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အမိုးအကာအောက် ကြိုတင်ပြောင်းရွေ့ထားကြရန် စသော မိုးလေဝသညွှန်ကြားချက်များအား မျက်ခြေမပြတ် လေ့လာပြီး သင့်လျော်သည့် အစီအမံများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရေး လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)