သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်း စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေး

သထုံ မတ် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နှင့် နောင်ဘိုကျေးရွာတို့၌ တည်ဆောက်နေသည့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်စာသင်ဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က သိမ်ကုန်းရပ်ကွက်၊ အထက(၄)ကျောင်းဝန်းအတွင်း၌ အလျှား ၇၀ ပေ၊ အနံ ၃၀ ပေ၊ RC နှစ်ထပ် စာသင်ဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းနှင့် နောင်ဘိုကျေးရွာ၊ အထက(ကဿဖ)ကျောင်း၌ အလျှား  ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ RC နှစ်ထပ် စာသင်ဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းများတို့ ပြီးစီးမှု၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျ ဆောင်ရွက်နေမှုစသည့် အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်သစ်များကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပညာရေး ဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေ၊ ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေပြီး အထက(၄)ကျောင်း နှစ်ထပ် စာသင်ဆောင်အား ခွင့်ပြုရန်ပုံငွေကျပ် ၁၀၆ သန်း၊ အထက(ကဿဖ)ကျောင်း နှစ်ထပ် စာသင်ဆောင်အား ခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၈ သန်းတို့ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)