မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ စေတနာ့၀န်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရနဲ့အတူ တက်ကြွစွာ ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးသူတွေရဲ့ စေတနာ့၀န်ထမ်း စိတ်ဓါတ်ကို နိုင်ငံတော်မှအသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေဖြင့် လည်ကောင်း၊ စေတနာ့၀န်ထမ်းသမားတွေထပ်မံပေါ်ထွက် လာစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ ကျန်းမာရေး၀န်ထမ်းများနှင့်အတူ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့၀န်ထမ်းများရဲ့ အင်အားနဲ့ ဖြတ်သန်းခဲ့ရသလို တတိယလှိုင်းမှာလည်း အစိုးရနဲ့ပြည်သူ လက်တွဲညီစွာ ဆောင်ရွက်နိုင်ဖို့ စေတနာ့၀န်ထမ်းများ၏ အခန်းကဏ္ဍဟာ လည်း အလွန်အရေးကြီးပါကြောင်း၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၀) မြို့နယ်မှာ စေတနာ့၀န်ထမ်း အသင်း/အဖွဲ့အစည်း စာစုပေါင်း (၈၃) ဖွဲ့နှင့်၀န်ထမ်း(၁၆၆၁)ဦးရှိသော်လည်း စာရင်းမှာ မပါ၀င်တဲ့ စေတနာ့ ၀န်ထမ်း များကိုလည်း ဂုဏ်ပြုပါကြောင်း၊ စေတနာ့ ၀န်ထမ်းသမားတွေဟာ ပြည်သူလူထုရဲ့အကျိုးကို အမှန်တကယ် ရှေ့ရှူ့ပြီး ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးနေသူများ ဖြစ်တဲ့ အတွက် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်းနှင့် ရှေ့ဆက်ပြီးအများပြည်သူအတွက်ဆောင်ရွက်တဲ့ လုပ်ငန်းတိုင်းမှာ ပြည်နယ်အစိုးရ အဖွဲ့နှင့်အတူ လက်တွဲပြီး ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန် တိုက်တွန်း မှာကြားခဲ့သည်။
ထို့နောက် မြို့နယ် ၁၀ မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါ၀င်ဆောင်ရွက်ခဲ့ကြသော စေတနာ့ ၀န်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာ၀န်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ် (၁၀) မြို့နယ်မှ စေတနာ့၀န်ထမ်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်