စစ်တွေ မတ် ၂၂
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး ခရီးစဉ်ဒေသများမှာ ပြည်ပခရီးသွားကလွဲကာ ပြည်တွင်းခရီးသွားများမှာ ပုံမှန်နီးပါး ခရီးသွားနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမာရေး အခြေအနေအရ ကူးစက်ရောဂါတွေ့ရှိမှုနှုန်း ကျဆင်းလာသည်နှင့်အမျှ ဖြေလျော့မှုများ ရှိလာသကဲ့သို့ ခရီးသွားများပြန်လည် များပြားလာမည် ဖြစ်ပါကြောင်း၊ ယခုလာမည့် သင်္ကြန်ကာလမှာ သံတွဲခရိုင်၊ ငပလီမြို့ရှိ ဟိုတယ်အများတွင် Booking ပြည့်လုနီးနီးရှိကြောင်း ဝမ်းသာဖွယ်ရာ ကြားသိရပါကြောင်း၊ ထို့အပြင် ပြည်တွင်းခရီးသွားမှု ပြန်လည် များပြားလာသည့်အတွက်ကြောင့် ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ကြသည့် ဟိုတယ်လုပ်ငန်းများ တဖြေးဖြေး များပြားလာကြသည့်နှင့်အမျှ လုပ်ငန်းဆောင်ရွက်ကြသည့် ဟိုတယ်လုပ်ငန်းများမှာ သက်ဆိုင်ရာဌာနများ၏ မူလစည်းကမ်း သတ်မှတ်ချက်များကို စနစ်တကျလိုက်နာ ဆောင်ကြရန်လိုအပ်ပါကြောင်း၊ ထိုအချက်ကို လုပ်ငန်းပြန်လည် လုပ်ကိုင်ကြမည့် လုပ်ငန်းရှင်များသိအောင် အသိပေးဆောင်ရွက်ရန်လည်းလိုကြောင်း၊ ယခုအခါ ကမ္ဘာနှင့်အဝှမ်း ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ပြီး ရပ်တည်သွားရန် ကြိုးပမ်းနေကြသကဲ့သို့ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း လာမည့်မြန်မာ နှစ်ဆန်းတစ်ရက်နေ့၊ ဧပြီလ(၁၇)ရက်နေ့ကစပြီး ပြည်ပလေကြောင်း လိုင်းများကို ပြန်လည်ပြေးဆွဲခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်တစ်ရပ်ကို ဖော်ဆောင် ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းကျဆင်းနေခြင်း၊ မကြာမီ မဟာသင်္ကြန် ကျရောက်မည်ဖြစ်ခြင်းတို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပျော်ရွှင်လွတ်လပ်စွာ ခရီးသွားလာချင်ကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ကစပြီး မြန်မာ့ခရီးသွား လုပ်ငန်းကို ကမ္ဘာနှင့်ရင်ဘောင်တန်းပြီး ပြန်လည်စတင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးလုံခြုံမှု အပြည့်အဝရှိသည့် ဝန်ဆောင်မှုပေးနိုင်သော လုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာ ဌာနများ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်သော လုပ်ငန်းများဖြစ်အောင် ဆောင်ရွက် သွားနိုင်ရေး၊ သန့်ရှင်းသာယာလှပမှုရှိသည့် မိမိတို့၏ ခရီးစဉ်ဒေသများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်သွားနိုင်ရေးတို့အတွက် လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်လာအောင် သက်ဆိုင်ရာဌာနများနှင့် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောလာကြသည့် ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)