မောင်တော မတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အစီအမံဖြင့် ကြက်ဥနှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် အ.ထ.က(၁) အစည်းအဝေး ခန်းမတွင် ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/သူများအတွက် အာဟာရဖြစ်စေမည့် ကြက်ဥနှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် ကြက်ဥနှင့် လက်ဖက်ရည်ထုတ်များ ထောက်ပံ့ပေးအပ်ရာ ဆရာ/ဆရာမများက လက်ခံရယူခဲ့ကြသည်။
မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦးနှင့် အလွတ်ဖြေ ကျောင်းသား/သူ ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦးအတွက် ကြက်ဥ(၄၂၉၀)လုံး၊ လက်ဖက်ရည် အထုတ်သေး (၄၂၉၀)ထုတ်ဖြစ်ပြီး ကျောင်းသားတစ်ဦးလျှင် ကြက်ဥ(၃)လုံး၊ လက်ဖက်ရည် အထုပ်သေး(၃)ထုတ် ထောက်ပံ့ပေးမည်ဖြစ်ရာ မတ်လ ၂၄ ရက်နေ့ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူသည့်နေ့တွင် ကျောင်းသား/သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)