ကျောင်းကုန်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ မြန်မာစံတော်ချိန် (၁၇:၀၀)နာရီက ထုတ်ပြန်ထားသော မုန်တိုင်းသတိပေးချက်များကို ယမန်နေ့ညနေ ၆ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများ၊ ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်များတွင် ယနေ့မြန်မာစံတော်ချိန် (၁၇:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၀၅)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက် တောင်ဘက် ရေမိုင် (၃၇၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း (Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့ဘက် ရေမိုင်(၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနှင့် လေတိုက်ခတ်နှုန်း၊ နောက်(၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဆင့်မှ (၃၆)နာရီတွင် ဆိုင်းကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု ခန့်မှန်းချက်များ၊ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်သည့် မြို့များ၊ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်သည့် မြို့များနှင့် မုန်တိုင်းဖြတ်ကျော် ဝင်ရောက်စဉ် ရေပြင်/ မြေပြင် လေတိုက်နှုန်းများကို အများပြည်သူများ သိရှိနိုင်ရန်နှင့် မုန်တိုင်းမဝင်ရောက်မီနှင့် မုန်တိုင်းဖြတ်ကျော်နေစဉ် ကြိုတင်ပြင်ဆင်ရမည့် သတိပေးချက်များကို လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)