ပန်းတနော် မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ်သိရှိရန်အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် ကျေးရွာများသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ပန်းတနော် မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် နေထိုင်သော ပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် လယ်ယာ စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများ အနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြု နေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦးများတွင် အရေးကြီး စာရွက်စာတမ်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရန် ကြိုတင်သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာ နေရာတွင် ပြောင်းရွေ့ထားရှိကြရန်၊ တောင်သူများအနေဖြင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွှေ့ထားကြရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန် ချက်များအား လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ ဆက်)