နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ ပုံစံဇယားပေးအပ်ပွဲကျင်းပ

အင်ဂျန်းယန် မတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ဒေသခံပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ ဇယားများ လွှဲပြောင်းပေးအပ်ပွဲကို မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု အင်ကြင်းမြိုင်ကျေးရွာရှိ စိန်ဂျိုးဇက် စစ်ဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေမှူး ဒေါ်သီတာဝင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုခံယူကာ “ပန်းခင်း” စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားများအား နိုင်ငံသားအရည်အချင်းပြည့်မီပါက နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြလုပ်ပေးလျက်ရှိပါကြောင်း မည်သည့်အခကြေးငွေမှ ပေးစရာ မလိုပဲ ဌာနတွင်းဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် နိုင်ငံသားများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အင်ဂျန်းယန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှူး ဦးထွန်းထွန်းအောင်မှ ယခုနိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲ အပြီးတွင်လည်း မိမိ တာဝန်ယူထားသည့် မြို့နယ်မှ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် အသစ်ပြုလုပ်လိုသူများ၊ သက်တမ်းတိုး လဲလှယ်လိုသူများအနေဖြင့် တပြိုင်တည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာဝင်းနှင့် တာဝန်ရှိသူများက နိုင်ငံသားအရည်အချင်းပြည့်မိသူ အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီ း(၁၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု(၉)စု အား အိမ်ထောင်စု လူဦးရေပုံစံဇယားများ ပေးအပ်ခဲ့သည်။

အင်ဂျန်းယန်မြို့နယ်တွင် လတ်တလောအခြေအနေအရ ဒေသတွင် တည်ငြိမ်အေးချမ်းမှုမရှိ သည့်အတွက် မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့ရောက်ရှိ နေထိုင်သည့် ဒေသခံအများစုများမှာ စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေထိုင်ကြခြင်းကြောင့် ယခုကဲ့သို့ ဒေသခံများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အင်ဂျန်းယန်(ပြန်/ဆက်)