ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဘူးသီးတောင် မတ် ၂၂

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထိုမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း အနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်း ရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မုန်တိုင်းသတိပေးချက်ထုတ် ပြန်ထားသည်။

ထို့ကြောင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မုန်တိုင်းသက်ရောက်မှု ခံစားရနိုင်သော ဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်စေခြင်း၊ မုန်းတိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ်သလို ပြောင်းလဲဆောင်ရွက်စေခြင်း၊ ကောလဟာလ သတင်းများကြောင့် ပြည်သူများ အထိတ်တလန့် မဖြစ်စေရေး သက်ဆိုင်ရာ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက သတင်းမှန်များ ကြေညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို  အသိပေးထုတ်ပြန်ခြင်း၊ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘော သဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ချေရှိပါက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည်စိစစ် ပြင်ဆင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ညွှန်ကြားချက်များ နှင့်အညီ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ(၁၂)ခုမှ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းသက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါးစေရေးတို့အတွက် မိမိတို့ သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှု အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ပြင်ဆင် စုဆောင်း ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုလှုံရာနေရာများ တည်ဆောက်ထားရှိမှုနှင့် ပြည်သူများအား ပြောင်းရွှေ့နိုင်မည့် နေရာများ အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအနေဖြင့် မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသော  ဌာဆိုင်ရာ တာဝန်ရှိသူများက မုန်တိုင်းအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

လှကျော်(မြို့နယ်ပြန်/ဆက်)