ကလေးမြို့တွင် နိုင်ငံဝန်ထမ်းများ၊ အသက်(၅၀)နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Boster Dose ထိုးနှံပေး

ကလေး မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် နိုင်ငံဝန်ထမ်းများ၊ အသက် (၅၀)နှစ်နှင့် အထက်ရှိ သူများအား Boster Dose ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ခရိုင်နှင့်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယခင်ဦးစားပေးအုပ်စုအဖြစ် အသက်(၅၀) နှင့်အထက် ရှိသူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများကို Boster Dose အပိုထပ်ဆောင်း ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း နေရာများ ခွဲခြားသတ်မှတ်၍ သတ်မှတ်နယ်မြေအုပ်စုများ၊ ကာကွယ်ဆေး အမျိုးစားများအလိုက် ကလေးမြို့စုပေါင်းရုံးနှင့် မြို့တော်ခန်းမတို့ နေရာများခွဲ၍ ထိုးနှံပေးခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်ကျန်းမာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံခြင်းကို မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဧပြီလကုန်အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်ကျော်(ပြန်/ဆက်)