မောင်တော မတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ယမန်နေ့ နံနက်ပိုင်း က နိုင်ငံဝန်ထမ်း ၈ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၁၅၀၆ ဦး၊ မှီခိုသူ ၁၄၆၀ ဦး၊ မသန်စွမ်း ၅ ဦး၊ NGO ဝန် ထမ်း ၁ ဦး စုစုပေါင်း ၂၉၈၀ ဦးအား ထိုးနှံပေးခဲ့ပြီး မတ် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အဋ္ဌမအသုတ် (ပထမ) အကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၇၃၃၂ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)