မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ရွှေစက်တော်မန်းချောင်းအတွင်းမှ ဈေးသည်များနှင့် ဘုရားဖူးလာ ပြည်သူများအား အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော်

မင်းဘူး မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် မန်းချောင်းဘေးမှ ဈေးသည်များနှင့် ဘုရားဖူးလာ ပြည်သူများအား မုန်းတိုင်းဖြစ်ပေါ်စဉ် ကာလအတွင်း မန်းချောင်း ရေကြီးခြင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် ဘုရားကုန်းတော်ပေါ်တွင်သာ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် သတိပေးနှိုးဆော် ထားကြောင်း ရွှေစက်တော် ဂေါပကထံမှ သိရသည်။

ရွှေစက်တော်ဘုရား၏ ဘေးပတ်ပတ်လည်တွင် တောင်များ ကာယံထားသဖြင့် လေပြင်းတိုက်ခတ်ခြင်း အန္တရာယ်မှ ကာကွယ်နိုင်သော်လည်း အောက်ခြေတော်ရာ တည်ရှိရာ မန်းချောင်းသည် ငဖဲမြို့နယ်အတွင်း တောင်စွယ် တောင်ဖျားများမှ စီးဆင်းလာသော ချောင်းဖြစ်သောကြောင့် မိုးသည်းထန်စွာ ရွာသွန်းလာပါက ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် သတိပေးထားရကြောင်း ရွှေစက်တော် ဂေါပကဒုဥက္ကဋ္ဌ ဦးထွန်းဝေက ပြောသည်။

ရွှေစက်တော် ဘုရားပွဲတော်ကာလသည် တပို့တွဲလမှ တန်ခူးလအတွင်း နွေဦးခေါင်ခေါင် အညာမြေ၏ ပူပြင်းသည့် ကာလများတွင် ကျင်းပလျက်ရှိသော်လည်း တစ်ခါတစ်ရံ မုတ်သုံမိုးများကြောင့် မန်းချောင်းတွင် ရေကြီးခြင်းများ ဖြစ်ပေါ်တတ်ကြောင်းလည်း သိရသည်။

ဇေယျာထက်(မင်းဘူး)