ဘူးသီးတောင် မတ်၂၂
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှုအခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက် လမ်းစုံလမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မုန်တိုင်းသတိပေးချက်အား အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် မုန်တိုင်းမဖြစ်စဉ် ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ကမ်းနီးကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုများဖြင့် အသိပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)