ရေနံချောင်းမြို့တွင်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရေနံချောင်း  မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ကြည့်မြင်ကျေးရွာ၊  အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်က အကျင့်စာရိတ္တ ကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ရှင်သန်ရေးခေါင်းစဉ်ဖြင့် လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်များပညာတတ်ဖို့ ကြိုးစားကြစေလို ကြောင်းနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ရေနံ ချောင်းတက္ကသိုလ်မှ အားကစား နည်းပြ ဦးကျော်စိန်ဝင်း တို့က ကာယပညာ သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ၊    ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ကောင်းကျိုးများကို ရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပါဝင်စားပါက အားကစားသိပ္ပံကျောင်းတွင်  တက်ရောက်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ကြည့်မြင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဦးက ကျောင်းသားကျောင်းသူလူငယ်များ အသိပညာတိုးပွားရေးအတွက် ကျေးရွာ အရောက်ဟောပြောဆွေးနွေးပေးပါသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါ ကြောင်းပြန်လည်ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နန္ဒာလှိုင်နှင့် ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင် များကိုဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာတာဝန်ခံများအား ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို မြို့နယ်ဦးစီး ဒေါ်နန္ဒာလှိုင်က ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာတာဝန်ခံများက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ