မင်းလှ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ်တွင် ဆောင်ရွက်သော ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများဖြင့် တောင်သူများ အဆင်ပြေ အသုံးပြုနေလျက်ရှိကြောင်း သိရသည်။
ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေး ရွာတွင် ၄ လက်မ(တွင်းနက်)စက်ရေတွင်းဆိုလာစနစ် စိုက်ပျိုးရေရရှိခြင်းလုပ်ငန်းဖြင့် အိမ်ခြေ(၁၃၉) အိမ်၊ လူဦးရေ(၅၇၅) ဦး၊ ဧက(၅၁) ဧကနှင့် တောင်သူ (၂၁)ဦး အကျိုးပြုသုံးစွဲနိုင်ခဲ့ရာ ယခုချိန်တွင် နှမ်းဧက(၂၀)မှာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
ထို့အတူ ဆင်တဲကုန်းအုပ်စု၊ မစိုးရိမ်ကျေးရွာတွင် ၄ လက်မ(တွင်းတိမ်)စက်ရေတွင်း ဆိုလာစနစ်ဖြင့် သောက်သုံးရေ ရရှိရေးဆောင်ရွက်ခဲ့ရာ အိမ်ခြေ(၈၅)အိမ်မှ လူဦးရေ (၃၇၂)ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေကို ရရှိသုံးစွဲနေလျက် ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ကျေးလက်နေ တောင်သူများစိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်း များကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ရေရရှိရေးလုပ်ငန်းပေါင်း(၁၀)ခုကို ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့၍ တောင်သူများ အကျိုးရှိစွာ အသုံးပြု နေပြီး အဆင်ပြေနေလျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ထွန်းထံမှ သိရသည်။
ပေါက်စ မင်းလှ