မာန်အောင် မတ် ၂၂
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများသိရှိစေရန်နှင့် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့ပေါ်ရပ်ကွက်များ သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အခြေအနေ၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်နာရီ(၃၀)အတွင်း ဖြစ်ပေါ်လာမည့် ခန့်မှန်းချက်၊ သတိပေး နှိုးဆော်ချက်များ၊ အကြံပြုချက်များ၊ မုန်တိုင်းခိုလှုံရာ သတ်မှတ်နေရာများကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)