ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၄)မိုင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

မောင်တော မတ် ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၄)မိုင်ရပ်ကွက် အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ  ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များက (၄)မိုင် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများ အနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကို  စနစ်တကျအသုံးပြုစေရေး၊  အမှိုက် သရိုက်များအား  စနစ်တကျ စွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကို မီးမငြှိမ်း သတ်ဘဲ  မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများ အနေဖြင့် မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ် ကြောင်းနှင့် မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း သက်ဆိုင်ရာမီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေး ပို့ချပါရန် ကွင်းဆင်းစစ်ဆေး အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး(ခရိုင်ပြန်/ဆက်)