ငပု​တောမြို့နယ်၌  မုန်တိုင်းသတိပေးချက်များအား  ပြည်သူများ သိရှိ​စေရန် အသိ​ပေး​ကြေညာ 

ငပု​တော မတ် ၂၂ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင်  မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ မုန်တိုင်းသတိပေးချက်များကို အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိ နိုင်ရေး  လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားသည့်​နေရာများတွင်  Hand Speaker ဖြင့် ယမန်နေ့ ညနေပိုင်းက အသိ​ပေး​ကြေညာလျက်ရှိကြောင်း   သိရသည်။

ထိုသို့ ​ဆောင်ရွက်ရာတွင်  ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်း မြို့ဘက်သို့ ဦးတည်ရွေ့လျားလာသည့်အတွက် မြို့နေလူထုများ ဘေးလွှတ်ရာသို့ ရွေ့ပြောင်းနိုင်စေရန်နှင့် မုန်တိုင်းတိုက်ခတ်လာလျှင် ပြုလုပ်ရမည့်နည်းလမ်းများနှင့် မုန်တိုင်းဒဏ်ခံ ဆိုင်ကလုန်းရှယ်တာ တည်ရှိရာနေရာများနှင့် ခိုလှုံရမည့်နေရာများကို လမ်းကြိုလမ်းကြားပါမကျန် မြို့အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ မီးသတ်ယာဉ်များဖြင့် လိုက်လံနှိုးဆော် လျက်ရှိကြောင်းသိရသည်။

မုန်တိုင်း၏အရှိန်ကြောင့် မိုးကြီးခြင်း၊ လေထန်ခြင်း၊ လှိုင်းကြီးခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ် လာနိုင်သည့်အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအား ပင်လယ်ပြင်ခွာခြင်းနှင့် ခရီးသွားလာ​​ခြင်းကို ရှောင်ရှားကြရန် သတိပေးကြေညာကြောင်း သိရသည်။ 

နုနု​အေး(ပြန်/ဆက်)