ရွှေသောင်ယံမြို့တွင် မုန်တိုင်းသတိပေးချက်များ စဉ်ဆက်မပြတ်ဆောင်ရွက်

ရွှေသောင်ယံ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မုန်တိုင်းသတိပေးချက်များအား ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်လျက်ရှိသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော မုန်တိုင်းသတင်း အချက်အလက်များကို ပြည်သူများအလွယ်တကူ သိရှိစေရန် ပြန်လည်မျှဝေ ဆောင်ရွက်သွားမည်ဖြစ်ပြီး မုန်တိုင်းသတိပေးချက်များအပေါ် ပြည်သူများအလေးထား လိုက်နာကြရန် တိုက်တွန်းဆောင်ရွက်ခဲ့သည်။

ထို့နောက် လိုအပ်လာပါက ရှောင်ရှားရန်၊ စားသောက်ရန် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန် အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသင့်စားမုန့်ခြောက်များ၊ သောက်ရေများ၊ ဆေးဝါးများ စသည်ဖြင့် ကြိုတင်စီမံထားပြီး သတင်းထုတ်ပြန်ချက်များကို အချိန်ပြည့်နား‌ထောင်ကြရန် လိုက်လံနှိုးဆော် တိုက်တွန်းခဲ့ကြသည်။

ကိုကိုမောင်(ပြန်/ဆက်)