ဝါးခယ်မ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင် စေရန် မုန်တိုင်းသတိပေးချက်အား ယမန်နေ့ည ၈း၃၀ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံစုပေါင်းကွန်ယက် လူမှုကူညီရေးအသင်း(ဝါးခယ်မြို့)၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မုန်တိုင်းအသိပေး နှိုးဆော်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ မုန်တိုင်းသတိပေးချက်အား လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် မြစ်ကမ်းပါးအနီးရှိ နေအိမ်များ ရေကြီးရေလျှံခြင်းများ၊ မြစ်ကမ်းပြိုကျခြင်းများကို ကြိုတင်သတိပြုနိုင်ပါရန် စသည့် အကြောင်းအရာများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)