ဟင်္သာတ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများသတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော် အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ရာတွင် ခရိုင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိပေးကြေငြာချက်များ၊ ကြိုတင်ပြင်ဆင်ထားရှိရမည့် အချက်များနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်သော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာကြရေး ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း နေထိုင်သော ပြည်သူများ၊ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာနအဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင်သိမ်းဆည်းထားကြရန်၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲနွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် အသိပေးနှိုးဆော်ထားပြီး မြို့နယ်အတွင်းရှိ မီးသတ်စခန်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့စီစဉ်ထားရှိပြီးဖြစ်ကြောင်း ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်ထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)