လက်ပဲတန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လက်ပံတန်း မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း  ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်း ရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားပါ ကြောင်း၊ ထို့ကြောင့် လက်ပံတန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မုန်တိုင်းသက်ရောက်မှု ခံစားရနိုင်သောဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ်သလို ပြောင်းလဲ ဆောင်ရွက်စေခြင်း၊ ကောလဟာလသတင်းများကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး သက်ဆိုင်ရာမြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီလုပ်ငန်း ဆပ်ကော်မတီများက သတင်းမှန် ကြေငြာစေခြင်း၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့် အမျှပြောင်းလဲ ဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ချေရှိက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည်စိစစ်ပြင်ဆင်ခြင်းစသည့် ပြင်ဆင်ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန်သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်း ဆွေးနွေးပြီး  လုပ်ငန်းကော်မတီ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းသက်ရောက် မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါး စေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူ ထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းကော်မတီများက သဘာဝဘေးအန္တရာယ်နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ပြင်ဆင်စုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက်  လက်ပံတန်းမြို့နယ် ခမုံဆိပ်၊ စိန်တုံး၊ ကွမ်းသီးတပင် ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်၍ ကျရောက်လာပါက ပြည်သူများအား ပြောင်းရွှေ့နိုင်မည့် နေရာများ အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)