ကျိုက်လတ် မတ် ၂၂
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ် သိရှိစေရန်အတွက် ယမန်နေ့ ညနေ ၆ နာရီခန့်က မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း နေထိုင်သော မိဘပြည်သူ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဧရာဝတီမြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်ယာဉ်များနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာန အဆောက်အဦးများတွင် အရေးကြီး စာရွက်စာတမ်းများ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် ကြိုတင် သိမ်းဆည်းထားကြရန်၊ မြစ်ကမ်း ချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင်ပြောင်းရွှေ့ ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် အမိုးအကာအောက်သို့ကြိုတင် ပြောင်းရွေ့ထားကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်