အိမ်မဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

အိမ်မဲ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခိုင်ထွန်း‌ဇော်နှင့် အဖွဲ့ဝင်ဗိုလ်မှူး ကောင်းမြတ်စံက ယခုဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် မိမိတို့မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာမည်ဆိုပါက ပျက်စီးဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များကို မပြတ်ကြည့်ရှု နေသင့်ကြောင်းနှင့် အကယ်၍ ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ခိုလှုံရာနေရာစီစဉ်ထားပြီး အချိန်နှင့်တပြေးညီ သတင်းပို့ဆက်သွယ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်သွားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားဖို့လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက မိမိတို့နှင့် သက်ဆိုင်သည့် ဆောင်ရွက်ထားရှိမှုများကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)