တမူး မတ်၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက် မြို့နယဦးစီးမှူး ဦးစိုင်းသန်းနိုင်နှင့် ဝန်ထမ်းများမှ စည်ပင်သာယာ ပန်ခြံရှေ့တွင် မိဘပြည်သူများသို့ အသိပေး ကြေညာခြင်း မြေစိုက်ပိုစတာစိုက်ထူခြင်း၊ လူစည် ကားသည့် မြို့မစည်ပင်သာယာစျေးရှိ စျေးရောင်း၊ စျေးဝယ်သူများ၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများ၊ လေးမိုင် စစ်ဆေးရေးဂိတ်တို့တွင် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မိဘပြည်သူများသို့ အသိပေးကြေညာခြင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းလျှောက်ထားရာတွင် လိုအပ်သော အထောက်အထားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းအတွက် လိုက်နာရမည့်အချက်များ၊ ပန်းခင်းစီမံချက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၄)ရပ် စသည့်အချက်များဖြင့် ဖော်ပြထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ တမူးမြို့နယ်တွင် စာရင်းဝင်လျာထားဦးရေ(၃၄၃၈)ဦး ဆောင်ရွက်ရန် လျာထားကာ မတ်လ(၁၈) ရက်နေ့အထိ(၂၄၆၃)ဦး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရတနာ